ဆားလင်းကြီးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

ဆားလင်းကြီး စက်တင်ဘာ  ၁၈


စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းအချိန်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဌ ဦးကျော်ရင်က ကော်မတီဖွဲ့စည်းရခြင်းနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များအကြောင်း ရှင်းလင်းဆွေးနွေးရာ တွင် ကော်မတီ၏ ရည်ရွယ်ချက်ဖြစ်သည့် စည်းရုံးရေးကာလတွင် လွှတ်တော်ကိုယ်စားလောင်းများ ၊ ပါတီများနှင့် ရွေးကောက်ပွဲသက်ဆိုင်သူများအကြား  အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါ်က်ပါက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ  လုပ်ငန်းစဉ် လက်စွဲနှင့်အညီ လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း ကော်မတီ ၏အဓိကလုပ်ငန်းဖြစ်သည့် မဲဆွယ်စည်းရုံးရေး ကာလမှာ ပေါ်ပေါက်လာနိုင်သည့် အငြင်းပွားမှုများ ၊ စိန်ခေါ်မှုများကို လျော့ကျရန် အငြင်းပွားမှု ပြဿနာများကို နှစ်ဦး နှစ်ဘက် အချိန်တိုအတွင်း ညှိနှိုင်း ဖြေရှင်းဆောင်ရွက်သွားနိုင်ရန် ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကော်မတီဝင် ဦးကျော်ထွေးက ရင်ဆိုင်ရနိုင်သော အခက်အခဲများနှင့် လက်ရှိ ရွေးကောက်ပွဲဝင်မည့် ပါများအနေဖြင့် ပါတီဝင်များ စည်းရုံးရေးဆင်းသည့် ကာလသည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေချိန်ဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းကမ်းချက်များကို တိကျ စွာ လိုက်နာဆောင်ရွက်သွားကြရန် လိုကြောင်း ဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။
ဆားလင်းကြီးမြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၃၀)ဦးဖြင့်ဖွဲ့စည်းထားပြီး ကော်မတီ၏သက်တမ်းမှာ ဖွဲ့စည်းသည့်နေ့မှ ရွေးကောက်ပွဲ ကျင်းပသည့်နေ့အထိဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ရင်ထံမှ သိရှိရသည်။
မြကြွယ်ဝင်း (ပြန်/ဆက်)