ရှမ်းရွာသစ် နိုဝင်ဘာ ၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင် မျိုးကွဲ အိုမီခရွန် မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှုများကို ကရင်၊ မြန်မာနှစ်ဘာသာဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များ၌ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး လုပ်ငန်းများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန် မျိုးစိတ်သစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မျိုးကွဲသစ်အိုမီ ခရွန်မျိုးစိတ်သည် ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရဖူးသူများလည်း ပြန်လည်ကူးစက်နိုင်သည့်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းဖြင့် ရောဂါကူးစက်မှု၊ ရောဂါပြင်းထန်မှုများကို ထိရောက်စွာ လျော့ချနိုင်ခြင်းတို့ကြောင့် မိဘပြည်သူများအနေဖြင့် ကိုဗစ် ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံကြရန်၊ ဒေသနေပြည်သူများ အနေဖြင့် မိမိ၏ အိမ်အတွင်း၌ သာနေထိုင်ကြရန်၊ ပြင်သို့ထွက်ခွာပါက ပါးစပ်၊ နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံပါရန်၊ ပါးစပ်၊ နှာခေါင်းစည်း မတပ်ဆင်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို တတ်နိုင်သလောက် ရှောင်ကြဉ်ကြရန်၊ အရာဝတ္တုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်များကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် မကြာခဏ ဆေးကြောကြရန်စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများနှင့် ဈေးဆိုင်များတွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)