ဖျာပုံမြို့နယ်တွင် ဆောင်းနေကြာစိုက်ပျိုးမည့် တောင်သူများသို့ နေကြာသီးနှံမျိုးစေ့ ပေးအပ်ပွဲကျင်းပ

ဖျာပုံ အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်စီမံကိန်း ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် နေကြာဆီထွက်သီးနှံ စိုက်ဧကပြည့်မီရေးနှင့် အထွက်နှုန်းတိုးတက်ရေး ဆောင်းနေကြာမျိုးစေ့ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ (၃၁)ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဥမ္မာအေးမှ ဆောင်းနေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် မျိုးစေ့များ၏ အရည်အသွေး လက္ခဏာများအား၊ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ခရိုင်လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးအောင်သောင်းက ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးခြင်းလုပ်ငန်းများအား၊ ရှင်းလင်းဆွေးနွေးပြောကြားပြီး၊ မြို့နယ်အတွင်းရှိ ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးမည့် တောင်သူများအား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အထွက်တိုးနေကြာ သီးနှံမျိုးစေ့များ ပေးအပ်ကြသည်။

ဖျာပုံမြို့နယ်အနေဖြင့် ဆီရိက္ခာဖူလုံမှုကို အထောက်အကူဖြစ်စေရန် ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၁)အုပ်စုတွင် တောင်သူများအား ဆင်းရွှေကြာ-၂ (opv) မျိုးတစ်ဧက (၄)ပြည်နှုန်း၊ ရေဆင်း (၁)စပ်မျိုးတစ်ဧက (၃)ကီလိုနှုန်းဖြင့် စိုက်ပျိုးဧက (၅၆၄)ဧကအတွက် နေကြာ မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)