ပေါင်းတည် အောက်တိုဘာ ၃၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမ၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ် ဖော်ထုတ်ခြင်း ရက်တိုသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်က တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းကို ဖွင့်လှစ်ပေးသည်။ ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ တက်ရောက်လာကြသော သင်တန်းသားများကို လူကုန်ကူးမှု အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှကာ ပြည်ခရိုင်၊ အမှတ်(၂၀) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (ပြည်)မှ ရဲအုပ်ထွန်းညွန့်က ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ခြင်းအကြောင်းနှင့် ပတ်သက်၍အကျယ်တဝံ့ ပြောကြား ပို့ချသည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဦးစီးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌများ တက်ရောက်ကာ သင်တန်းသားများအဖြစ် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကို ၃၁.၁၀.၂၀၂၂ ရက်မှ ၂.၁၁.၂၀၂၂ ရက်အထိ ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်းသိရသည်။
သူရကြီး (ပြန်/ဆက် )