ငပုတော အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို အစဥ်အလာမပျက် နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီအချိန်က ငပုတောမြို့ အနောက်ပိုင်းရပ်ကွက်ရှိ ဓမ္မမဥ္ဇူကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်အလှူတော်ပွဲကို အခမ်းအနားဖြင့် ကျင်းပပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၊ ဇနီး ဒေါ်နီလာထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးသန်းဦးနှင့်ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဧည့်ပရိတ်သတ်များက “နမောတဿ “ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားအား စတင်ဖွင့်လှစ်ခဲ့သည်။
ထို့နောက်ဓမ္မမဥ္ဇူကျောင်းတိုက်မှ ဆရာတော်ဘဒ္ဒန္တ ဥုးဃောသကသလထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ကထိန်အနုမောဒနာ တရားနာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက် အခမ်းအနားကို ”ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွက်ဆို၍ ရုတ်သိမ်းခဲ့သည်။
ယင်းနောက် ကြွရောက်တော်မှုလာကြသော ဆရာတော်၊ သံဃာတော်၊ အရှင်သူမြတ်များအား ငွေပဒေသာပင်များနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။ စုပေါင်းမဟာဘုံကထိန်ပွဲတော်၏ စုစုပေါင်း လှူဒါန်းငွေမှာ ကျပ် ( ၄၈,၈၀၀၀၀ ) သိန်း (လေးဆယ့်ရှစ်သိန်း ရှစ်သောင်း ) တိတိ ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
အောင်သူ(ငပုတော)