ကျုံပျော်မြို့နယ် လှည်းဆိပ်ကျေးရွာသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ကျုံပျော် အောက်တိုဘာ ၃၁

ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေ စိုးမိုးရေးလုပ်ငန်း ဆောင်ရွက်‌နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော် မြို့နယ်၊ လှည်းဆိပ်ကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ မွန်းလွဲ  ၁၂ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်းတို့က ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျေးရွာတွင်းပြည်သူ့လုံခြုံရေးကိစ္စများ ဆောင်ရွက်နိုင်ရေး၊ ဒေသ ဖွံ့ဖြိုးရေး၊ သက်ငယ်မုဒိန်းမှုနှင့် မှုခင်းကျဆင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကိစ္စရပ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်မှန်ကန်ရေး၊ ရပ်ရွာသန့်ရှင်း သာယာလှပရေး၊ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များအား ချပြရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ ဆောင်းသီးနှံနေကြာ သီးသန့်စိုက်ပျိုးရေး ကိစ္စများအား ပညာပေးပြောကြားပြီး၊ ကျေးရွာရှိ နေကြာစိုက်ဧက(၂၀) ဧကအတွက်  နေကြာမျိုးစေ့ ၂၀ အိတ်အား တောင်သူများထံသို့ ပေးအပ်ခဲ့သည်။ ထို့နောက် ပြည်သူများ၏ သိလိုသည့်မေးမြန်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည် ဆွေးနွေးဖြေကြားခဲ့ကြသည်။

အဆိုပါ စစ်ကြောင်းကြီး(၅) ကြောင်းတွင် အုပ်ချုပ်ရေး၊နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းများ ပါဝင်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူ့ စကားသံနှင့် တင်ပြလာမှုများအပေါ် အကူအညီ‌ပေးနိုင်ရေးအတွက် ကွင်းဆင်း၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)