အိမ်မဲ အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အိမ်မဲမြို့နယ်အတွင်း နေကြာသီးနှံစိုက်ပျိုးမည့် (၃၂၆၂)ဧကထဲမှ တောင်သူများအား နေကြာသီးနှံမျိုးစေ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။
ရှေးဦးစွာ အိမ်မဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးတင်မောင်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် “နေကြာသီးနှံစိုက်ပျိုးမည့် စိုက်ဧက (၃၂၆၂) ဧကတွင် မျိုးစေ့ ပထမအကြိမ် (၄၀၀)ဧက၊ ယခု ဒုတိယအကြိမ် (၉၀၀)ဧက စုစုပေါင်း(၁၃၀၀) ဧက စာ ဖြန့်ဝေပေးခဲ့ပါသည်။ တောင်သူများအနေဖြင့် ရရှိပြီးသော မျိုးစေ့များအား နေ (၄) ရက်ခန့်လှန်းပြီး စိုက်ပျိုးပါက မျိုးစေ့အပင်ပေါက်နှုန်း (၈၀)ရာခိုင်နှုန်းအထက် ရရှိမည်ဖြစ်ကြောင်း၊ လာမည့်နှစ်ဆောင်းရာသီတွင် နေကြာစိုက်ပျိုးရန် အခက်အခဲ မရှိစေရေးအတွက် ရေဆင်းစပ်မျိုး (၁)နှင့် ဆင်းရွှေကြာ (၂) ၄၈ ဧကကို မျိုးသန့်မျိုးပွား အကွက်များဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်ပြီးအိမ်မဲ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦး ကားလမ်းဘေးဖြစ်သော ကျေးရွာများတွင် ဆီထွက်သီးနှံနေကြာအားအဓိကထား စိုက်ပျိုးရန် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် တောင်သူများက ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ ဖြေကြားပေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စိုက်တိုးမြှင့်အဖွဲ့မှ တာဝန်ရှိသူများက နေကြာသီးနှံစိုက်ပျိုးမည့် တောင်သူများအား ဧက (၉၀၀)စာ မျိုးစေ့များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် နေကြာသီးနှံကို (၃၂၆၂) ဧက စိုက်ပျိုးမည်ဖြစ်ပြီး မျိုးစေ့ (၁၃၀၀)ဧကစာ ဖြန့်ဝေပြီးစီးပြီး ကျန်ရှိသောဧက (၁၉၆၂)ကို နိုဝင်ဘာလအတွင်း ဆက်လက်ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)