ပွင့်ဖြူမြို့နယ်၌ ဖီးကြမ်းငှက်ပျောများ လှိုင်လှိုင်ထွက်ရှိပြီး ရောင်းအားကောင်း၍ ငှက်ပျောစိုက်တောင်သူများ အဆင်ပြေ

ပွင့်ဖြူ အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ဒေသခံတောင်သူများက မဲဇလီ ရေလွှဲဆည်ရေနှင့် မြေအောက်ရေကိုအမှီပြုပြီး ဖီးကြမ်းငှက်ပျောသီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် ဖီးကြမ်းငှက်ပျောသီးများ လှိုင်လှိုင်ထွက်ရှိပြီး ရောင်းအားနေ၍ ဖီးကြမ်းငှက်ပျောစိုက်ပျိုး တောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဖီးကြမ်းငှက်ပျော စိုက်ပျိုးတောင်သူများထံက သိရသည်။

ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဒေသခံကျေးလက်နေတောင်သူများက စိုက်ပျိုးရေးလုပ်ငန်းကို (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စီးပွားဖြစ်လုပ်ကိုင်ကြပြီး အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး၊ နှမ်း၊ ကုလားပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ နေကြာ၊ မြေပဲသီးနှံနှင့် ဟင်းသီးဟင်းရွက် စားပင်သီးနှံမျိုးစုံတို့ကို စိုက်ပျိုးကြပြီး အချို့တောင်သူများမှာ ဥယျာဉ်ခြံမြေများ ပြုလုပ်ကာ ဖီးကြမ်းငှက်ပျော၊ ငှက်ပျောချဉ်၊ သီးမွှေးငှက်ပျော၊ ရခိုင်ငှက်ပျော တို့ကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

“ကျွန်တော်တို့မြို့နယ်က ဒေသခံတောင်သူတွေဟာ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းမှာ ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်းကိုလည်း တွဲဖက်လုပ်ကိုင်ကြပြီး တောင်သူအများစုက ဈေးကွက်အခြေအနေပေါ် မူတည်ပြီး သီးနှံတွေကို ရွေးချယ်စိုက်ပျိုး လုပ်ကိုင်လာကြတယ်။  ကျွန်တော်တို့ဒေသမှာ ငှက်ပျောသီးနှံဆိုရင် ဖီးကြမ်းငှက်ပျောကိုပဲ အဓိက အားထားစိုက်ပျိုးကြတယ်။ ဖီးကြမ်းငှက်ပျောက လူကြိုက်များတော့ ဈေးပိုရတဲ့အတွက် တောင်သူတွေအများစုက အားထားစိုက်ပျိုးကြတယ်။ ဒီနှစ် ဖီးကြမ်း ငှက်ပျောသီးက တစ်ဖီးကို ငွေကျပ် ၈၀၀၊ ၉၀၀ ဈေးနဲ့ အရောင်းအဝယ် ကောင်းနေပါတယ်။ တောင်သူတွေအနေနဲ့ မြို့ကိုသွားပြီး ရောင်းချစရာလည်းမလိုဘူး။ ကုန်သည်တွေက ငှက်ပျောခြံအရောက် လာရောက် ဝယ်ယူကြတော့ ကုန်ကျစရိတ်လည်း သက်သာတယ်။ ခါတိုင်းနှစ်က ဒီအချိန်ဆို ဖီးကြမ်းငှက်ပျောဈေးက တစ်ဖီးကို ငွေကျပ် ၆၀၀ လောက်ပဲ ဈေးရတယ်။ ဒီနှစ်တော့ ဈေးကွက်မှာ ဖီးကြမ်းငှက်ပျော အရောင်းအဝယ်ကောင်းတဲ့အတွက် ဈေးပိုရလို့ ငှက်ပျောစိုက်တောင်သူတွေ စီးပွားရေး တွက်ခြေကိုက်ပါတယ်" ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဖီးကြမ်းငှက်ပျော စိုက်ပျိုးသည့် ဒေသခံတောင်သူ ဦးကျော်ဆန်းက  ပြောသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )