ငွေဆောင်မြို့၊ မြို့မစျေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်

ငွေဆောင် အောက်တိုဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင် ပူပြင်းသော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် စျေးသူ၊ စျေးသားများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးကောင်းပြည့်စုံနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သရုပ်ပြဇာတ်တိုက်​လေ့ကျင့်မှုအား ယမန်နေ့နံနက် ၁၀နာရီမှ ၁၁နာရီအချိန်ထိ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာ၌ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင် မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးကောင်းပြည့်စုံနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဥ်ဖြင့် မီးငြှိမ်းသတ်ပြခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံအား ရှင်းလင်းပြောကြားခြင်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြပြီး မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ရာ ငွေဆောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသက်မင်းဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ စျေးကော်မတီဝင်များနှင့် စျေးသူ၊ စျေးသားများက တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ငွေဆောင်မြို့စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ငွေဆောင်မြို့ မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူး ဦးကောင်းပြည့်စုံနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်မင်းဦးနှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့် စျေးကော်မတီဝင်များက မြို့စျေးအတွင်းရှိ စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ် ကင်းရှင်းရေး လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ပူပြင်းသော နွေရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကို ဂရုစိုက်ကြရန် ဟောပြောခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်လင်းဦး (ပြန်/ဆက်)