ထီးလင်းမြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ် ဧက ၂၁၀ တွင် ပိုးမွှားရောဂါ ကင်းထောက်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ထီးလင်း စက်တင်ဘာ ၁၈

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ထောက်ပံ့မှုအရ ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်  ဧက(၂၁၀)ကို ကျေးရွာ(၃)ရွာတွင် စိုက်ပျိုးလျက် ရှိပြီး မျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှား ကင်းထောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထီးလင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် ဆင်းသုခစပါးကို အကြည်ဝါးဘင်းကျေးရွာတွင် ဧက ၂၀၀ စိုက်ပျိုးလျက်ရှိပြီး ပိုးမွှားရောဂါ ကင်းစင်ရေးနှင့် ပိုးမွှား အန္တရာယ် ကျရောက်မှုမရှိစေရေး အတွက် ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားတာဝန်ခံ ဒေါ်မြင့်မြင့်နွယ်၊ ထီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်ထူးနှင့်ဝန်ထမ်းများက ပိုးမွှားရောဂါကင်းထောက်ခြင်း လုပ်ငန်း ကို ယမန်နေ့တွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထီးလင်းမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် ဆင်းသုခစပါးကို အကြည်ဝါးဘင်းကျေးရွာတွင် တောင်သူ ၁၂၇ ဦးတို့က စိုက်ဧက ၂၀၀၊ ပုဏ္ဏားကျေးရွာတွင် တောင်သူ ၇ ဦးတို့က စိုက်ဧက ၅ ဧက နှင့် သရခါကျေးရွာတွင် တောင်သူ ၂ ဦးက စိုက်ဧက ၅ ဧက၊ စုစုပေါင်း ၂၁၀ ဧက စိုက်ပျိုးထားကြောင်း သိရသည်။
အောင်စည်(ပြန်/ဆက်)