ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု ဒဿမအကြိမ်မြောက် စုပေါင်းဘုံကထိန်ပွဲတော် ကျင်းပ

ပွင့်ဖြူ အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစု စုပေါင်းကျင်းပပြုလုပ်သည့် ဒဿမအကြိမ်မြောက် ဘုံကထိန်ပွဲတော်ကို ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကျေးရွာ မိုဃ်းသဲကျောင်းတိုက်ရှိ ပုရိမဝါမှ ထမြောက်တော်မူသော သံဃာတော်အရှင်သူမြတ်များအား ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ငွေပဒေသာပင် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ဂုဏဝတီကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် ဇနီးဒေါ်စောစောထားတို့က ဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ဝင်းထွန်းနှင့် ဝန်ထမ်းမျာမိသားစုက မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ပါမောက္ခအမှူးပြုသော သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ငွေပဒေသာပင်၊ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ကြီးများက အန္တရာယ်ကင်းပရိတ်တရားများ ရွတ်ဖတ်ပွားများခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများမိသားစုအဖွဲ့က လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများပေးဝေကာ သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် နှစ်စဉ်နှစ်တိုင်း ဝန်ထမ်းများမိသားစုစုပေါင်း၍ ဘုံကထိန်ပွဲတော်ကို အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိရာ ယခုနှစ်တွင် ဒဿမအကြိမ်မြောက် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)