ပြည်ခရိုင်အတွင်း နို့စားနွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေး

ပြည် အောက်တိုဘာ ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း နို့စားနွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့မှ တိုင်းဒေသကြီး ဦးစီးမှူးများနှင့် ပြည်ခရိုင်အတွင်းမြို့နယ်များမှ  နို့စားနွားမွေးမြူထားကြသူများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်  ၉ နာရီခွဲက ပြည်မြို့ ဆည်မြောင်းရိပ်သာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်ခရိုင်အတွင်း နို့စားနွားမွေးမြူ သူများ တက်ရောက်သည်။

အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာဝင့်သူက ပြည်ခရိုင်အတွင်း နို့စားနွားမွေးမြူထားသူများ၏ မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးရေးအတွက် မြှင့်တင်ဆောက်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးပြောကြားပြီး သမဝါယမဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ဦးစီးမှူး ဦးစိုင်းကျော်မင်းက နို့စားနွားမွေးမြူထားသူများအား သမချေးငွေအပါအဝင်ဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်၊ ပန်းတောင်းနှင့် ပေါက်ခေါင်းမြို့နယ်အပါအဝင် ပြည်ခရိုင်အတွင်း မြို့နယ်များမှ နို့စားနွားမွေးမြူသူများက ကာကွယ်ဆေးထိုးနှံခြင်းနှင့် တိရိစ္ဆာန်အစာပင် စိုက်ပျိုးမှုအပါအဝင် ချေးငွေကိစ္စနှင့် နို့စားနွားသယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ လိုအပ်သော သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ယင်းမေးမြန်းဆွေးနွေးချက်များအပေါ်  တိုင်းဒေသကြီး ဦးစီးမှူးများက သက်ဆိုင်ရာကဏ္ဍအလိုက် အသေးစိတ် ပြန်လည်ဆွေးနွေး ဖြေကြားပေးကြသည်။

ကိုဆက်(ပြန်/ဆက်)