ကျိုက်လတ်၌ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

ကျိုက်လတ်  အောက်တိုဘာ  ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များနှင့် ကျောက်တံခါးမြို့နေ အထက်တန်းပြ ဆရာမကြီး(ငြိမ်း) ဒေါ်သန်းတိုးနှင့် မိတ်ဆွေများစုပေါင်း၍ မတည်လှူဒါန်းသော စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယနေ့နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက်၊ (၈)ဖြတ်လမ်းရှိ ပစ္ဆိမာရုံမဟာရွှေကျင်ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကျိုက်လတ်မြို့နယ် ပစ္ဆိမာရုံ မဟာရွှေကျင်ကျောင်းတိုက်  ဆရာတော်  သာသနဓဇဓမ္မာစရိယ ဥူးစန္ဒဇောတိထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က ကထိန်မြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်း၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကထိန်သင်္ကန်း အလှူရှင်များက အရန်သင်္ကန်းများကို ဆရာတော်ထံ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဆရာတော်ကြီးထံမှ ကထိန်အကြောင်း သိကောင်းစရာ တရားတော်ကို နာယူခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းလိုက်သည်။ ထို့နောက် ဆရာတော်သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ကျိုက်လတ်မြို့နယ် စုပေါင်းမဟာဘုံကထိန်  အလှူတော်မင်္ဂလာပွဲတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာနှင့် အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းခဲ့ကြသည့် လှူဖွယ်ဝတ္ထုပစ္စည်းများ အပါအဝင် လှူဒါန်းငွေ စုစုပေါင်း ကျပ် (၂၁၁၀၇၆၅၀)တန်ဖိုးရှိ ငွေပဒေသာပင် (၃၆)ပင်အား ကျိုက်လတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၆) ကျောင်းသို့ စာရေးတံမဲဖောက်၍ မိမိတို့ပဒေသာပင်ပေါက်သည့် ကျောင်းများသို့ သွားရောက်ပို့ဆောင် လှူဒါန်းခြင်းဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။ ယနေ့ကျင်းပသည့် စုပေါင်း မဟာဘုံကထိန်ပွဲတော်အတွက် ပဒေသာပင်များ လှည့်လည်ပွဲကို ယမန်နေ့ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ရီရီမြင့် (ပြန်/ဆက်)