ပန်းတနော် အောက်တိုဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ထိုသို့လုပ်ဆောင်ရာတွင် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင် မီးသတ်ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့်မီးငြှိမ်းသတ်ပြခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံအားရှင်းလင်းပြောကြားခြင်း၊ ဆီမီးလောင်မှုအား မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်မှုများကို သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြပြီး မီးဘေးအန္တရာယ်အသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဝင်းထွဋ်လွင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စျေးကော်မတီဝင်များနှင့်စျေးသူ စျေးသားများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့မစျေးအတွင်းရှိ စျေးဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)