ညောင်တုန်း စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပန်းလှိုင်မြစ်ရေတိုက်စားပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် ပြိုကျနေအိမ် ၁ လုံးနှင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၉) လုံးရှိ အိမ်ထောင်စုများအား ယမန်နေ့ ညနေ ၄ နာရီက အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ညောင်တုန်းမြို့၊ အမှတ် (၄) ရပ်ကွက်၊ တိုးချဲ့နယ်မြေတွင် ပန်းလှိုင်မြစ်ရေတိုက်စားသဖြင့် မြစ်ကမ်းပါး အလျား ၈၀ ပေ၊ အနံ ၂၅ ပေခန့် ပြိုကျမှုကြောင့် ပြိုကျနေအိမ် ၁ လုံးနှင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၉) လုံး၊ စုစုပေါင်း နေအိမ်(၁၀) လုံး၊ အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၄၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ ၉၆,၆၀၀ ကျပ်၊ အိမ်ဆောက် ပစ္စည်းရန်ပုံငွေ ၁၀၀ဝ၀၀၀ ကျပ်၊ စုစုပေါင်း ၁,၀၉၆,၆၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ ပုံး (၁) ပုံးအတွက် တန်ဖိုး (၃၇,၃၅၃) ကျပ်တို့အား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းလွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းစံနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)