ဖြူးမြို့နယ်၊ ကျွဲမကူးကျေးရွာတွင် NEP Phase ll အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိပြီးဖြစ်

ဖြူး အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကျေးရွာများတွင် လျှပ်စစ်မီးရရှိပါက မြို့ပေါ်ဒေသ များနည်းတူ သုံးစွဲနိုင်မှသာလျှင် လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာစေမှာ ဖြစ်ပြီး မြို့နယ် လျှပ်စစ်ဌာန နှင့် ကျေးရွာပူးပေါင်း၍ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခဲ့သော ဖြူးမြို့နယ်၊ ခင်တန်းကြီးကျေးရွာအုပ်စု၊ ကျွဲမကူးကျေးရွာတွင် NEP Phase-II အစီအစဉ်ဖြင့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပြီးစီးခဲ့ရာ ယနေ့ နံနက်(၁၀)ခွဲအချိန်က လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

မီးလင်းရေးဖွင့်ပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကား ပြောကြား သည်။ ထို့နောက် ဖြူးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဦးအောင်မြင့်ကြည်က လျှစ်စစ်အန္တရာယ် ကင်းရှင်း စွာသုံးစွဲရမည့် အချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောမင်းသူ၊ အဖွဲ့၀င်(၂) ဦးခင်မောင်စိုး၊ ဖြူးမြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးအောင်မြင့်ကြည် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျွဲမကူးကျေးရွာလျှပ်စစ်မီးရရှိရေးအတွက် NEP Phase-ll အစီအစဉ်ဖြင့် 11KV လိုင်း (၁.၀၃)မိုင် နှင့် 100 KVA ထရန်စဖော်မာ(၁)လုံးအား အိုးဖိုကုန်းကျေးရွာထိပ်မှ Tap off ယူ၍ ကျေးရွာမှရွာတွင်း 400V လိုင်းကိုသာ ကျေးရွာမီးလင်းရေးကော်မတီကဦးဆောင်ကာ ဆောင်ရွက်ခဲ့ရာ (၂၂-၁၀-၂၀၂၂) ရက်နေ့တွင် အိမ်သုံးမီတာ(၆၄) လုံးဖြင့် လျှပ်စစ်မီးရရှိ သုံးစွဲနိုင်ပြီဖြစ်ကြောင်းနှင့် ဖြူးမြို့နယ်အတွင်း ကျေးရွာပေါင်း (၃၀၀)ရွာကျော်တွင်  ကျေးရွာပေါင်း(၁၅၀)ရွာကျော်သာ လျှပ်စစ်မီးရရှိလျက်ရှိပြီး မြို့နှင့် (၃)မိုင်နှင့်(၅)မိုင် ကွာဝေးသည့် ကျေးရွာများတွင် လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာ (၇)ရွာသာရှိကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)