ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအုပ်စုတွင် ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းထားသော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲပြုလုပ်

ရွှေသောင်ယံ အောက်တိုဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအုပ်စု၊ ဘောမိကျေးရွာ သာသနာ့ဗိမ္မာန်ကျောင်းတိုက် တိုက်ဓမ္မာရုံ၌ ယ‌မန်နေ့ နံနက်(၁၀)နာရီအချိန်က ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက် ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်ရုံရေး စစ်ကြောင်းဟူ၍ စစ်ကြောင်းကြီး(၅)ကြောင်းတွင် ဖွဲ့စည်းထားသော ဌာနဆိုင်ရာအကြီးအကဲများမှ ရှေးဦးစွာ ကဏ္ဍ အလိုက် ဆွေးနွေးကြရာ မြို့အုပ်ချုပ်ရေးမှူးမှ ဒေသတွင်း လုံခြုံးရေး၊ တရားဥပဒေစိုးမိုးရေး၊ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရေး၊ သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ စသည်ဖြင့် ကျန်းမာရေးဆိုင်ရာ များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း၊ ပညာရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ပြောကြားပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်နေမှုများကို ပြည်သူ များအား ချပြဆွေးနွေးခဲ့ကြသည်။

ထို့နောက်ပြည်သူများမှ တင်ပြလာသည့် လိုအပ်ချက်များအပေါ် ချက်ချင်းညှိနှိုင်း ဆောင်ရွက်နိုင်သည် များကို ဆောင်ရွက်ပေးကာ ချက်ချင်းဆောင်ရွက်မပေးနိုင်သည်များရှိပါက မှတ်သားထား၍ ပြန်လည် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် အတူ စစ်‌ကြောင်းကြီး (၅)ကြောင်းမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရွှေသောင်ယံ(ပြန်/ဆက်)