ပေါက်ခေါင်းမြို့နယ်၌ အခြေခံပညာ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ပေါက်ခေါင်း အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း(အိုးဘိုကုန်း)ကျောင်းခန်းမ၌ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ပြည်ခရိုင်ပညာရေးမှူး ဆရာမကြီးဒေါ်စန်းစန်းဝင်းက အမှာစကားပြောကြားပြီး၊ ပေါက်ခေါင်းမြို့နယ် ပညာရေးမှူးဦးအေးလှိုင်က အခြေခံပညာကျောင်းများ၏ သင်ကြားမှုသင်ယူမှု လုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့် စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန် အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာစစ်ဆေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ စွမ်းဆောင်ရည်မြင့်မားရေး ဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၂၁၈) ကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း အုပ်ဆရာကြီး၊ ဆရာမကြီး(၂၁၈)ဦးတို့အား နည်းပြဆရာကြီး(၃)ဦးတို့က အောက်တိုဘာ ၂၉ ရက်မှ ၃၀ ရက်အထိ အထက (အိုးဘိုကုန်း)စာသင်ကျောင်းခန်းမတွင် ဆွေးနွေးပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)