ကလိန်အောင်မြို့တွင် မူးယစ်ဆေးဝါး အသိပညာပေး ဆွေးနွေးပွဲပြုလုပ်

ကလိန်အောင်  အောက်တိုဘာ ၂၉

ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် (Youth Club) လူငယ်အသင်းတို့ ပူးပေါင်း၍ "လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်"ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီခန့်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က မူးယစ်ဆေးဝါးသည် တစ်ဦးတစ်ယောက်ကိုသာ ထိခိုက်စေသည် မဟုတ်ဘဲ တိုင်းပြည်နှင့် လူမျိုးကိုပါ ပျက်စီးစေနိုင်သည့်အတွက် လူငယ်များရှောင်ရှားကြရန်၊  မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ကြရန်နှင့် လူငယ်များ အားလပ်ချိန်တိုင်း စာကောင်းပေမွန်များ ဖတ်ရှုကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ကလိန်အောင်မြို့ စာပေချစ်သူများ အသင်းဝင် ဒေါ်မိုးမိုး‌အေးက "ရှောင်လေဝေးဝေး" မူးယစ်ဆေး ခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ ‌ဦးသူရလင်းမောင်က "တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင်ကျန်းမာမှ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဝေဖြိုးလင်းက "မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက်လက်ချင်းယှက်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။

ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်းကောင်း လစဉ်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)