အမာမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

အမာ အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်(၁၀)နာရီအချိန်တွင် ဘဝသစ်ကျေးရွာအုပ်စု၊ ဘဝသစ်(၁)ကျေးရွာ၊  အခြေခံပညာ မူလတန်းကျောင်းသို့ သွား‌ရောက်ကာ ကျောင်းသား/သူများအား စာဖတ်ရှိန်မြှင့်တင်ရေး  အသိပညာပေး ဟောပြောပွဲနှင့်အတူ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ကျင်းပ ဆောင်ရွက်ခဲ့သည်။

အသိပညာပေး ဟောပြောရာတွင် အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး၊ နော်လေးလီယန်မှ ကျောင်းသားလူငယ်များသည် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သောကြောင့် ဘက်စုံတော်သော လူတော်လူကောင်းများ ဖြစ်လာစေရန် အတန်းပညာများကို ကြိုးစားသင်ယူသကဲ့သို့ စာအုပ်စာပေကိုလည်း ဖတ်ရှုလေ့လာကြရမှာဖြစ်ကြောင်း၊ စာအုပ်စာပေမှ အသိပညာ ဗဟုသုတများ ရယူမှတ်သားပြီး ရည်မှန်းချက်ထား ကြိုးစားကြရမှာဖြစ်ကြောင်း၊ စာဖတ်ခြင်း‌ကို ငယ်စဉ်မှစ၍ လေ့ကျင့်မွေးမြူရမှာ ဖြစ်ကြောင်းနှင့် လူကုန်ကူးမှုအန္တရာယ် အကြောင်းများကိုလည်း အသိပညာပေး ဟောပြောခဲ့‌သည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်စာပေများအား ကျောင်းသား/သူများကို ခင်းကျင်းပြသ၍ ဖတ်ရှုစေခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ လေ့လာကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

နော်လေးလီယန်