ငါးသိုင်းချောင်း အောက်တိုဘာ ၂၈
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များ၊ စျေးသူ စျေးသားပြည်သူများ ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်သည့်အနေဖြင့် စျေးသူစျေးသား များသည် လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို စနစ်တကျသုံးစွဲကြရန်နှင့် လျှပ်စစ်ပစ္စည်းများ၊ ဝါယာကြိုးများ ၏ ကြံ့ခိုင်မှုကို စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ အသင့်ဆောင်ထားကြရန် တိုက်တွန်းခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။
ဆက်လက်၍ စျေးအတွင်းရှိ မီးသတ်ရေစက်များ အသင့်ရှိစေရန် စမ်းသပ်မောင်းနှင်ခြင်းနှင့် နယ်မြေ မီးသတ်ယာဉ်အပါအဝင် သရုပ်ပြဇာတ်တိုက် လေ့ကျင့်ပက်ဖျန်းခြင်း၊ မီးသတ်ဆေးဘူးများအား ပြည်သူများ ကိုယ်တိုင် အလွယ်တကူအသုံးပြုနိုင်ရန် သုံးစွဲနည်းစနစ်တို့ကို သရုပ်ပြလေ့ကျင့်မှုများအား ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စျေးသူစျေးသားပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်း(ပြန်/ဆက်)