ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ဘားအံ   အောက်တိုဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၁) နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘားအံမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်က မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ကလေးသူငယ်များအားလုံး ရပိုင်ခွင့် ရှိသည့် အခွင့်အရေး (၄) ရပ်ကို ကလေးသူငယ်တိုင်းရရှိနိုင်ရေး ဆောင်ရွက်သွားဖို့လိုကြောင်း၊ ကလေးသူငယ်အကျိုးအတွက် လျစ်လျူရှုမှုများ ပိုမိုမြင့်တက်လာသောကြောင့် ပြည်သူလူထု အသိပေးမှုများကို တိုးမြှင့်ဆောင်ရွက်ကြစေလိုကြောင်း၊ ကလေးသူငယ်အမှုများ များပြားနေခြင်း သည် နိုင်ငံအတွက် အလားအလာမကောင်းစေသောကြောင့် ဌာနဆိုင်ရာများမှ ကလေးသူငယ် အရေးကိစ္စများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငြိမ်းချမ်းအေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အကောင် အထည်ဖော်ဆောင်ရွက်နေမှု၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ် များအား ထောက်ပံ့ပေးနေမှုအခြေအနေများ၊ အမျိုးသမီးအခွင့်အရေးဆိုင်ရာ အကောင်အထည် ဖော်ဆောင်ရွက်ချက်များ၊ ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)