သရက်ချောင်းမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/ ၆ အား မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်သည့် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်

သရက်ချောင်း  အောက်တိုဘာ   ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အာဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးတို့ ပူးပေါင်း၍ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/ ၆ အား မိဘပြည်သူများသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေး ထုတ်ပြန်ချက်နှင့် ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က သရက်ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်နန်းခလိုက်ရှုက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ဆွေးနွေးပြောကြား ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်ရုံး  မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိဦးလွင်ဦးက ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ နှင့် အိမ်ထောင်စုလူဦးရေ စာရင်းဆောင်ရွက်ရန် အခက်အခဲများရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ လာရောက်ဆက်သွယ်ဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အသိပေးထုတ်ပြန်ချက် အချက် (၇) ချက်ပါ အချက်အလက်များနှင့် ဆောင်ရွက်ပေးနေမှုများ၊ အိမ်ထောင်စုလူဦးရေ စာရင်းများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အသိပေးထုတ်ပြန်ချက် အချက် (၆) ချက်ပါ အချက်အလက်များနှင့် ဆောင်ရွက်ပေးနေမှုများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြား သည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဒေါ်နန်းခလိုက်ရှုက ရှင်းလင်းဆွေးနွေးပြောကြားသော  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်ရုံး မြို့နယ်ဦးစီးမှူး အားကျေးဇူးတင် ရှိပါကြောင်းနှင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ဆက်လက်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

"နိုဝင်ဘာ (၁၅) ရက်နေ့အထိ ဝန်ကြီးဌာမှ တိုးမြှင့်ဖြေရှင်းဆောင်ရွက်ဖို့ ရက်တိုးပေးထား ပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးလွင်ဦး၏ ဆွေးနွေးပြောကြားချက်အရ သိရသည်။

နိုင်ငံသားစိစစ်ရေးကတ် တစ်ကတ်ထက်ကိုင်ဆောင်ထားရှိသူများ သတ်မှတ်ကာလအတွင်း၌ လာရောက်ဖြေရှင်း ဆောင်ရွက်ပါက ရွေးချယ်လိုသည့်ကတ်ကို ကာယကံရှင်မှ ရွေးချယ်နိုင်မည် ဖြစ်ကြောင်း၊ သတ်မှတ်ကာလကျော်လွန်ပါက ညွှန်ကြားချက်အတိုင်း ဒုတိယကတ်ကို အတည်ပြုပြီး ယခင်ကိုင်ဆောင်သည့်ကတ်ကို ပယ်ဖျက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)