မော်လမြိုင်ကျွန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင်ကျွန်း အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့ နံနက် ၁၀ နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က နွေစပါး စိုက်ဧကပြည့်မီရေးနှင့် SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လိုအပ်ချက်များဖြစ်သော နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေများအား စနစ်တကျ ပြန်လည်တင်ပြနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ စိုက်ပျိုး စရိတ်ချေးငွေများ အချိန်မီထုတ်ချေးနိုင်ရေး၊ ဆီထွက်သီးနှံမျာ တိုးတက်စိုက်ပျိုးနိုင်ရေး၊ ဌာနဆိုင်ရာရုံး များ ပွင့်လင်းရာသီရောက်ရှိ လာပြီဖြစ်သဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားရှိရန် စသည့် လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းမှာကြားခဲ့ပြီး  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်း တင်ပြကာ အဖွဲ့ဝင် ဗိုလ်မှူး မင်းထက်မှူးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနများ အလိုက်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးတင်ပြခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)