မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေး အန္တရာယ်ကြိုတင်ပြင်ဆင်ရေး အသိပေးနှိုးဆော်

ဂန့်ဂေါ စက်တင်ဘာ ၁၈

ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပွားစေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမော်နှင့် တာဝန်ရှိသူများတို့က စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ     စိုင်ဒူးကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် ရွာစည်ကျေးရွာများတို့တွင် ကွင်းဆင်း၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာနေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်းလိုက်နာကြရန်၊ နေအိမ်ပြင်ပထွက်ခွာလျှင် ပါးစပ်နှင့်နှာခေါင်းစည်းများကို မဖြစ်မနေ တပ်ဆင်ကြရန်၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့်လေပြင်းဘေးအန္တရာယ်များ ကြိုတင် ပြင်ဆင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ရပ်ကွက်/ ကျေးရွာများသို့လည်း အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မိုးရာသီတွင် ဖြစ်ပွားတတ်သည့် မိုးကြိုးဘေး၊ လေပြင်းဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်နိုင်ရေး အသိပေးလက်ကမ်းစာစောင်များကိုလည်း ကျေးရွာနေပြည်သူများ၏ နေအိမ်အရောက်ဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)