ဝေါ အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံပိုင်ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ ကာကွယ်ရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မီးသတ်စွမ်းရည်ထက်မြက်စေရန်အတွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွင်းမံ) သင်တန်း(၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ဝေါမြို့နယ်မီးသတ်ဦးစီးဌာနတွင် ကျင်းပခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရွှေသွေးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရွှေသွေးက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွင်းမံ)သင်တန်း(၁/၂၀၂၂)တွင် ပထမဆုရရှိ အရန်မီးသတ်တပ်သားဟိဏ်းထက်အားလည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးဦးသိန်းထွန်းနှင့် တာဝန်ရှိသူများက ဒုတိယဆုရရှိသော အရန်မီးသတ်ဒုတပ်ကြပ်လွင်မိုးအားလည်းကောင်း၊ တတိယဆုရရှိသော အရန်မီးသတ်တပ်ကြပ်ကြီးညီညီလှိုင်အားလည်းကောင်း၊ နှစ်သိမ့်ဆု(၁)အရန်မီးသတ်တပ်သားစိုးနိုင်ဦးနှင့် နှစ်သိမ့်ဆု(၂)ရ အရန်မီးသတ်တပ်သားစိုးခန့်မွန်တို့အား ဆုတံဆိပ်နှင့်သင်တန်ဆင်းလက်မှတ် ပေးအပ်ခဲ့သည်။
အဆိုပါအရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွင်းမံ)သင်တန်းကို ၃-၁၀ -၂၀၂၂ မှ ၂၈ -၁၀ -၂၀၂၂ ရက်နေ့အထိ သင်တန်းသား (၅၀)ဦးအား သင်တန်းပို့ချပေးခဲ့ကြောင်းသိရသည်။
အောင်မြတ်လင်း (ပြန် /ဆက်)