ဘားအံ အောက်တိုဘာ ၂၈
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ဘားအံပညာရေး ဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ (B.ED) စာပေးစာယူ ပထမနှစ်သင်တန်း (၂/၂၀၂၂) တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က အဆိုပါဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်ကြားနည်းဆိုင်ရာ ဆရာအတတ်ပညာများ ပိုမိုကျွမ်းကျင်လာပြီး ပညာရေးလောကတွင် မရှိမဖြစ်လိုအပ်သော ပညာရေး (B.ED) ဘွဲ့ရ ဆရာ၊ ဆရာမများ ပိုမို ပေါ်ထွန်းလာစေရေးနှင့် အထက်တန်းပြ ဆရာ၊ ဆရာမများ လုံလောက်စွာရရှိရေးအတွက် ရည်ရွယ်ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ သင်တန်းမှရရှိသည့် ခေတ်မီသင်ကြားနည်းစနစ်များကို အသုံးပြု၍ ကျောင်းသား၊ ကျောင်းသူများကို စာပေဘာသာရပ်များအပြင် စာရိတ္တဖွံ့ဖြိုးတိုးတက်စေရန်၊ ယဉ်ကျေးလိမ္မာသိတတ်သော မျိုးဆက်သစ်လူငယ်များဖြစ်စေရန် ပြုစုပျိုးထောင်ပေးကြရန် မှာကြားလိုကြောင်း၊ မိမိတို့၏တပည့်များကို စာရိတ္တ မဏ္ဍိုင်ဖွံ့ဖြိုးသော တိုင်းပြည်နှင့် လူမျိုးကိုချစ်မြတ်နိုးတတ်သော ဂါရဝတရားကိုင်းရှိုင်းတတ်သော သူများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအတွက် ငွေကျပ် (၆၀၄၀၀၀၀) ခြောက်ဆယ်သိန်း လေးသောင်းကို ထောက်ပံ့ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသူတစ်ဦးတို့က လက်ခံရယူကာ သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပညာရေးဘွဲ့ (B.ED) စာပေးစာယူ သင်တန်းသား၊ သင်တန်းသူများက မြန်မာ့ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ပညာရေးဘွဲ့ (B.ED) စာပေးစာယူ (၂/၂၀၂၂) သင်တန်းသို့ ကရင်ပြည်နယ်အတွင်းရှိ အလယ်တန်းနှင့် အထက်တန်းပြ ဆရာ၊ ဆရာမ၊ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၀၂)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ အောက်တို ဘာလ ၁၀ ရက်နေ့မှ နိုင်ဝင်ဘာလ ၂၃ ရက်နေ့ဖြစ်ကာ သင်တန်းတွင် ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာ၊ English Language Proficiency (ELP) ၊ အထူးပြုဘာသာရပ်များ၏ သင်ပြနည်းနှင့်တတ်ကျွမ်းမှု ဘာသာရပ်များကို ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)