ပေါက်ခေါင်း အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသတွင်းအသေးစား၊ အငယ်စား၊ အလတ်စား ဒေသထွက်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ပြီး လုပ်ငန်းလိုအပ်ချက်များကူညီပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့ဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်းမှ ဒေသထွက်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်ပြီး ဈေးကွက်ရရှိအောင်ဆောင်ရွက်နိုင်ရေး၊ အရည်အသွေးပြည့်မီပြီးထုတ်ပိုးမှုစနစ်ကျသော စားသောက်ကုန်ပစ္စည်းများ ထုတ်ပိုးရောင်းချနိုင်ရေးတို့အတွက် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့ကွင်းဆင်းဆောင်ရွက်ရာတွင် ပေါက်ခေါင်းမြို့နယ်ရှိ လုပ်ငန်းရှင်များထုတ်လုပ်ဖြန့်ဖြူးရောင်းချသော ဒေါ်ဆိတ်မ ဣစ္စိတံမုန့်လုပ်ငန်း၊ ဇွဲဓနမြေပဲယို၊ နှမ်းယိုနှင့်မြေပဲဆားလှော်လုပ်ငန်း၊ ဒေါ်လာမိသားစု နှမ်း၊ မြေပဲ၊ ကြံသကာထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းနှင့် အခြားပရိဘောဂလုပ်ငန်း၊ အမွှေးတိုင်လုပ်ငန်းနှင့်ရေသန့်စက်ရုံများသို့ သွားရောက်ပြီး လုပ်ငန်းပိုင်းဆိုင်ရာဆောင်ရွက်ပုံ၊ ဈေးကွက်သို့တင်ပို့ရောင်းချမှုအခြေအနေနှင့် ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရရှိမှုအခြေအနေတို့ကို တွေ့ဆုံမေးမြန်းပြီး အရည်အသွေးကောင်းသောစားသောက်ကုန်များနှင့် ထုတ်ပိုးမှုစနစ်ကောင်းမွန်ရေး၊ ဈေးကွက်ရရှိမှုများကို အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)