သနပ်ပင်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သနပ်ပင် အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်တွင် ကလိုင်‌ကျေးရွာ၊ ကသဲကုန်းကျေးရွာ၊ လောင်မီးကျေးရွာအုပ်စုများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စစ်ကြောင်း(၅)ကြောင်းမှ အဖွဲ့ခေါင်းဆောင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှု အခြေအနေများ၊ ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှုများကို ဒေသခံပြည်သူ့များနှင့်တွေ့ဆုံ၍  ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

အဆိုပါ စစ်ကြောင်းကြီး(၅)ကြောင်းမှ တာဝန်ရှိသူတို့သည် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်၊  ကျေးရွာနေပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှုမရှိစေရေးအတွက် အလေးထားဆောင်ရွက်သွားရန်၊ ကျေးရွာနေပြည်သူများအနေဖြင့် ကောလဟာလသတင်းအမှားများကို မယုံကြည်ကြပဲ သတင်းအမှန်များကို လေ့လာဖတ်ရှုကြရန်၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုအကျိုးပြု လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးကြရန် ချပြရှင်းလင်း တိုက်တွန်းပြောကြားခဲ့ပါသည်။ စာသင်ကျောင်းများ၌ ဆရာ/ ဆရာမများ၊ စာသင်ဆောင်လိုအပ်ချက်များ ညှိနှိုင်းဖြေရှင်းပေးခြင်း၊ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများဦးအား ကိုဗစ်-၁၉ ရောဂါကွယ်ဆေး Booster Dose ထိုးနှံပေးခြင်း၊ ပန်းခင်းစီမံချက်(၂)အနေဖြင့် အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်း၊ လောင်မီးကျေးရွာ လျှပ်စစ်မီးရရှိရေး၊ ကျေးရွာချင်းဆက်လမ်းရရှိရေး၊ ကလိုင်ရွာလယ်တံတားတည်ဆောက်မည့်အခြေအနေများ သောက်သုံးရေကန်များ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများပြန်လည်ပြူပြင်‌ဆောင်ရွက်ပေးမည့် အခြေအနေအား ချပြရှင်းလင်းဆွေးနွေးခဲ့သည်။ ထင်းအစားထိုးသုံးမီးဖိုများအသုံးပြုပုံများကို လက်တွေ့သရုပ်ပြခြင်းဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများအပေါ် ပေါင်းစပ်ညှိုနှိုင်းဆောင်ရွက်ပေးခဲ့ပြီး‌ ကျေးရွာအုပ်စုများရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုများ လှူဒါန်းခဲ့ကြောင်းသိရပါသည်။

လှမိုး(ပြန်/ဆက်)