ဘားအံ အောက်တိုဘာ ၂၈
နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျရောက်မည့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ဘားအံမြို့၊ မာန်အောင်ဈေးသစ်ဖွင့်ပွဲ အခမ်းအနားကို အမှတ် (၅) ရပ်ကွက်ရှိ အဆိုပါဈေးတည်နေရာ၌ ကျင်းပသည်။
ဈေးသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြေဧရိယာ (၀ ဒဿမ ၈၀၃) ဧက ပေါ်ရှိ မူလဈေးကြီးမှာ ဥပဓိရုပ်ကောင်းမွန်မှုမရှိခြင်း၊ လေဝင်လေထွက်နှင့် အလင်းရောင်အားနည်း ခြင်း၊ ကျန်းမာရေးထိခိုက်စေခြင်းနှင့် မြို့တော်အင်္ဂါရပ်များနှင့် ညီညွှတ်မှုမရှိခြင်းတို့ကြောင့် ခေတ်နှင့် လျော်ညီမှုမရှိတော့သည့် မာန်အောင်ဈေးသစ်ကြီးအား ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အသစ်ပြန်လည် တည်ဆောက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်လို အပ်သကဲ့သို့ လူ့အဖွဲ့အစည်းနှင့် လူနေမှုအဆင့်အတန်း မြင့်မာရေးကိုလည်း ဝိုင်းဝန်းမြှင့်တင် ဆောင်ရွက် သွားကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် မာန်အောင်ဈေးသူဈေးသားများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူတို့က မာန်အောင်ဈေးသစ်ကြီးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မာန်အောင်ဈေးသစ်ဆိုင်းဘုတ်နှင့် မာန်အောင်ဈေးဖွင့်ပွဲ အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ဈေးဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်းတို့အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မာန်အောင်ဈေးသစ်အတွင်း ဈေးသူ၊ ဈေးသားများ၏ ဒေသထွက်ကုန်များ၊ သားငါးဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ဈေးသစ်ဖွင့်ပွဲ အထိမ်းအမှတ် မာန်အောင်ဈေးသစ် ပုံစံငယ်များအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ် ခဲ့သည်။
ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များအနက် တစ်ခုဖြစ်သော ခေတ်နှင့်လျော်ညီမှု မရှိတော့သည့် မူလမာန်အောင်ဈေးကို ဖျက်သိမ်းစေခဲ့ပြီး ကုန်ကျငွေကျပ် ၄၉၁ ဒသမ ၇၁ သန်းဖြင့် Steel Structure အမျိုးအစား (၉၂ပေ x ၅၂ပေ x ၁၃ပေ) ရှိ ဈေးရုံကြီး (၃) ရုံ၊ ဈေးခေါင်းရုံတစ်ရုံ၊ (၈) ခန်းတွဲအများသုံးသန့်စင်ခန်းတစ်လုံး၊ ဂါလံ (၅၀၀၀) ဆံ့ ရေလှောင်ကန်တစ်ကန်၊ ဂါလံ (၁၆၀၀) ဆံ့ အမြင့်တင်ရေစင်တစ်ခု၊ ပျံကျဈေးဆိုင်နေရာ ၅၆၇၂ စတုရန်းပေ၊ ဈေးပတ် လည်ရေမြောင်း ၆၆၀ ပေ၊ ခြံစည်းရိုး ၆၅၇ ပေ၊ ဆိုင်ကယ်ရပ်နားရန်နေရာ၊ ရေဆိုးထုတ်မြောင်းများ စသည်ဖြင့် ပြည့်စုံစွာ ထည့်သွင်းဆောင်ရွက်ပေးခဲ့ပြီး ယနေ့ဖွင့်ပွဲအခမ်းအနားကို ကျင်းပခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)