မြိတ် အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူဇီဝိတ စက္ခုဒါနဆေးရုံတွင် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများအား သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော် များ၏အဓိပတိ သီတဂူဆရာတော် ဦးဆောင်မှုဖြင့် မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီးများ အဖွဲ့မှ မျက်စိရောဂါ ဝေဒနာများကို နိုဝင်ဘာလ(၁၇)ရက်နေ့တွင် အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရဟန်း၊ ရှင်၊ လူ ပြည်သူများအား မျက်စိရောဂါ ဝေဒနာများကို စမ်းသပ် ခွဲစိတ်ကုသပေးမည့် သီတဂူဇီဝိတစက္ခုဒါနဆေးရုံတွင် ဆေးရုံခွဲစိတ်ခန်း၊ နားနေဆောင် အဆောက်အဦများ၊ ခွဲစိတ်ကုသပေးမည့်စက်(၃)စုံ၊ ခွဲစိတ် ကုတင်(၄)လုံး၊ ရေတိမ်စမ်းသပ်စက်(၁)လုံး၊ ပါဝါစမ်းသပ်စက် (၁)လုံး၊ မျက်စိအခြားရောဂါ စမ်းသပ်စက် (၁)လုံးတို့ကို သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ လမ်းညွှန်မှုဖြင့် မြိတ်မြို့ရှိ ဆရာတော်များ၊ စေတနာရှင် အလှူရှင်များ၊ သီတဂူစက္ခုဒါနဆေးရုံ စီမံစောင့်ရှောက်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက တပ်ဆင် ဆောင်ရွက်ခဲ့ပြီး ဖြစ် ကြောင်း သိရသည်။
မြိတ်မြို့ သီတဂူဇီဝိတစက္ခုဒါနဆေးရုံတွင် သီတဂူဆရာတော်ဦးဆောင်မှုဖြင့် နိုဝင်ဘာလ(၁၇)ရက်နေ့တွင် မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီးများအဖွဲ့မှ မျက်စိရောဂါ ဝေဒနာများကို အခမဲ့စမ်းသပ်စစ်ဆေး ခွဲစိတ်ကုသပေးသွားမည်ဖြစ်သောကြောင့် ရဟန်း၊ ရှင် လူ၊ ပြည်သူများအနေ ဖြင့် မိမိတို့ နေထိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၌ အမြန်စာရင်းပေး သွင်းနိုင်ပါကြောင်းနှင့် နိုဝင်ဘာလ(၁၁) ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းကြရန်လိုအပ်ကြောင်း၊ လက်ရှိအချိန်တွင် စာရင်း ပေးသွင်းထားရှိသူ (၇၀၀)ဦးကျော်ရှိပြီဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မျက်စိရောဂါ ဝေဒနာရှင်များကို စမ်းသပ်စစ်ဆေး ကုသပေးရာတွင် သီတဂူဇီဝိတ စက္ခုဒါန ဆေးရုံ ပြင်ပလူနာဌာနတွင် မျက်စိစမ်းသပ်စစ်ဆေးပေးမည့် စက်များဖြင့် အခမဲ့စစ်ဆေးပေးသွားမည်ဖြစ်ပြီး ခွဲစိတ်လိုအပ်သူများကို အခမဲ့ခွဲစိတ်ကုပေးသွားမည်ဖြစ်ကြောင်း၊ သီတဂူ ဆရာတော် ဦးဆောင်သည့် မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီးများအဖွဲ့မှ မျက်စိခွဲစိတ်ရန် လိုအပ်သည့် ဝေဒနာရှင်(၉၀၀)ဦးအား မြိတ်မြို့ သီတဂူဇီဝိတ စက္ခုဒါနဆေးရုံခွဲစိတ်ခန်းအတွင်း မျက်စိခွဲစိတ်ကုသပေးမည့် စက်အသစ်များဖြင့် ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သီတဂူဇီဝိ တ စက္ခုဒါနဆေးရုံ စီမံစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
ခိုင်ထူး (မြိတ်)