စေတုတ္တရာမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်

စေတုတ္တရာ    စက်တင်ဘာ    ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ မြို့ပေါ်ရပ်ကွက်များရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု(၅၁၅)စုသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း  သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စားဝတ်နေရေးအဆင်ပြေစေရေးအတွက် အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ပေးအပ်ရာတွင် စေတုတ္တရာမြို့နယ်အတွင်း၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု စုစုပေါင်း(၅၅၉၂)စုအတွက်  ထောက်ပံ့ငွေကျပ် (၁၁၁၈၄၀၀၀၀) ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ရာ မြို့ပေါ်ရပ်ကွက်များတွင် ထောက်ပံငွေများထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသော ကျေးရွာများရှိ  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပြည်သူများ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)