အခြေခံပညာကျောင်းများသို့ ဌာနဆိုင်ရာအဖွဲ့များ ပူးပေါင်းအသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ကော့သောင်း အောက်တိုဘာ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနစားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင် ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခုနစ်မိုင်ကျေးရွာ၊ အလက ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောမှုအစီအစဉ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကော့သောင်းခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက ငယ်ရွယ်သူ ကျောင်းသားလူငယ်များအကြား  စာဖတ်ခြင်းအလေ့အထ ရှင်သန်လာစေရန်နှင့် စာပေမှတစ်ဆင့်အသိဉာဏ်အမျှော်အမြင် ကြွယ်ဝလာကာ အမှားအမှန် ဝေဖန်ပိုင်းခြားတပ်လာခြင်း၊ စာဖတ်သူဦးရေးတိုးပွားလာကာ ဗဟုသုတအကြားအမြင် ကျယ်ပြန့်လာ၍ အနာဂါတ်လူငယ်မျိုးဆက်သစ်များ အခြေခံပညာအား ဆည်းပူးရင်း ပြင်ပဗဟုသုတဖြစ်ဖွယ်များ လေ့လာသိရှိခွင့်ရကြစေရန်အတွက် စာပေ ဖတ်ရှုရန် တိုက်တွန်းအသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ကောသောင်းခရိုင်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက တိုင်းရင်း ဆေးပညာအကြောင်း သိကောင်းစရာများ၊ မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများနှင့် အရသာ (၆) ပါး အကျိုးနှင့် အပြစ် ဖြစ်ပုံပြုပုံအကြောင်း၊ အမျိုးသမီးများတွင် ဖြစ်ပွားတပ်သော ရောဂါများနှင့် တိုင်းရင်းဆေးပညာ ဆက်စပ်ကုသပုံများအား ဗဟုသုတဖြစ်ဖွယ် အသိပညာပေး ဟောပြောသည်။ ယင်းနောက် ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ ကာကွယ်ရေး ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့် တိုင်ကြားနိုင်သည့် နည်းလမ်းများ စသည့်ဗဟုသုတဖြစ်ဖွယ်များကို အသီးသီးအသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)