မင်းဘူးမြို့  ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညိုနိုင်

မင်းဘူး အောက်တိုဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့သည် နိုင်ငံတကာခရီးသွားများ စိတ်ဝင်စားဖွယ်ရာ ယဉ်ကျေးမှု နယ်မြေဖြစ်ပြီး လေ့လာစရာ အထင်ကရ နေရာများစွာရှိသည့် မြို့လည်း ဖြစ်သည်။ ထိုအထင်ကရ နေရာများတွင် စက္ကိန်းတဲ စေတီတော်မြတ်ကြီးလည်း တန်ခိုးကြီးစေတီတော် တစ်ဆူအဖြစ် ပါဝင်သောကြောင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ လာရောက် ဖူးမြော်ကြည်ညိုနိုင်ကြောင်း သိရသည်။

စေတီတော်မြတ်ကြီးသည် မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သတင်းသုံးတော်မူစဉ် သုနာပရန္တတိုင်းမှ စန္ဒကူးနံ့သာ ကျောင်းတော်ရာကြီးကို အလှူခံတော်မူပြီး သာဝတ္ထိပြည်သို့ ပြန်ကြွတော်မူစဉ် နောင်တော်ဘုရားများ သတင်းသုံးတော်မူမြဲဖြစ်သော ယခုမင်းဘူးမြို့၏ တောင်ဘက်ရှိ ကေလာသဖတောင်သို့ ကြွတော်မူလာရာ သိကြားမင်းက ရတနာမြကျောက်သလွန်၊ မြသပိတ်တော်နှင့် မြတည်းကျောင်းဆောင်များ ဆက်ကပ် လှူဒါန်းသလို ဗြဟ္မာမင်းကလည်း ထီးဖြူမိုးကာ ပူဇော်ကြသည်။

မြတ်စွာဘုရားရှင်က အလှူခံတော်မူပြီး မြသလွန်ပေါ်တွင် ခေတ္တကျိန်းစက်တော်မူ၍ သာဝတ္ထိပြည်သို့ ပြန်ကြွတော်မူသောအခါ သိကြားမင်းက မြတည်းကျောင်းဆောင်အား ဌာပနာကာ ကိုးတောင်ပြည့် ကျောက်စေတီတည်၍ စေတီတော်၏ တောင်ဘက်တွင် ကမ္ဗည်းကျောက်စာတိုင် စိုက်ထူခဲ့သည်။ မြတ်စွာဘုရားရှင် ကျိန်းစက် တည်းနေတော်မူသည့်အတွက် စက္ကိန်းတဲဘွဲ့အမည်နဲ့ တန်ခိုးကြီးခဲ့ခြင်း ဖြစ်သည်။

သာသနာသက္ကရာဇ် ၁၂၃ ခုနှစ်မှာ သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းကြီးဟာ စန္ဒကူးနံ့သာ ကျောင်းတော်ရာသို့ ဖောင်တော်ဖြင့် လာရောက်ဖူးမြော်ရာတွင် သဖန်းတောမြစ်ကွေ့အရောက် အနောက်ဘက်သို့ မျှော်ကြည့်လိုက်တဲ့အခါမှာ ကေလာသဖတောင်ထိပ် ကိုးတောင်ပြည့်စေတီမှ ရောင်ခြည်တော်များ ကွန့်မြူးနေတာကို ဖူးမြော်ရတာကြောင့် တောင်ထိပ်သို့တက်လာပြီး သိကြားမင်း တည်ထားခဲ့တဲ့ စေတီနဲ့ကမ္ဗည်း ကျောက်စာတိုင်ကို ဖူးတွေ့ရသည့်အတွက် အလွန်မတန် ဝမ်းသာပီတိဖြစ်ကာ စေတီတော်အား ဉာဏ်တော်မြှင့်ခြင်း၊ စိန်ဖူးတော်အား အသစ်လဲလှယ်ခြင်းတို့ဖြင့် ပြန်လည်ပြုပြင်မွမ်းမံခဲ့သည်။

ရှင်ပင်စက္ကိန်းတဲ စေတီတော်မြတ်ကြီးရဲ့ ထူးခြားချက်ကတော့ ရွှေထီးတော်တင်လှူတိုင်း နေပူခြင်းမရှိပဲ မိုးများအမြဲ အုံ့ဆိုင်းနေခြင်း၊ မြတ်ဗုဒ္ဓ သက်တော်ထင်ရှား ရှိစဉ်ကပင် တည်ထားကိုးကွယ်ခဲ့သော စေတီတော်ဖြစ်ခြင်း၊ သိကြားမင်းကိုယ်တိုင် တည်ထားခဲ့သော စေတီတော်ဖြစ်ခြင်း၊ နတ်ဗြဟ္မာများ၊ နတ်ဘီလူးများ၊ နဂါးနှင့် ရှေးဘုရင်များ ဖူးမြော်ခဲ့ကြသည့် စေတီတော်ဖြစ်ခြင်း၊ သဒ္ဓါတရားနှင့် ပြည့်စုံသော သာသနာ့ ဒါယကာများ သာသနာအကျိုးကို ထမ်းရွက်ကြမည့် ပုဂ္ဂိုလ်များမှာ ရောင်ခြည်တော် ဖူးမြော်ရခြင်း၊ ကေလာသဖတောင်ပိုင် နတ်မင်းကြီးအား တိုင်တည်ပြီး ဆုတောင်းပါက အဓိဌာန်ပြုလျှင် ဆုများပြည့်ဝခြင်း၊ ဤတောင်ပေါ်သို့ မြတ်ဗုဒ္ဓ ကြွရိုးအမှန် ဖြစ်ခဲ့၍ တောင်ပိုင်နတ်မင်းကြီးမှ ထူးခြားချက် ပြပါဆိုလျှင် တောင်တော် လှုပ်ခါပြခြင်းစသော အံ့ဖွယ်များနှင့် ပြည့်စုံပါသည်။ ထို့ကြောင့် မင်းဘူးမြို့ အမှတ် (၁)ရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးတွင် ထူးခြားစွာ ဖူးမြော်နိုင်သော စေတီတော်မြတ်ကြီးအဖြစ် တည်ရှိပြီး အမြဲမပြတ် ဖွင့်လှစ်ထားရှိသောကြောင့် ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးများ စိတ်အေး ချမ်းသာစွာ ဖူးမြော်နိုင်ကြောင်း စက္ကိန်းတဲစေတီ ဘဏ္ဍာထိန်းဂေါပကထံမှ သိရသည်။

ဇေယျာထက် (မင်းဘူး)