စလင်း စက်တင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်မှအိမ်ထောင်စု(၁)စုလျှင် ငွေကျပ်၂၀၀၀၀ကို ယနေ့ နံနက် ၈နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန အတွင်း၌ ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဖြန့်ဝေပေးရာတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု ပေါင်း (၃၀၅၀၅)စုအား အိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထိုငွေများကို နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်၍ သတ်မှတ်ရက်အပြီးပေးအပ်ကြရန်နှင့် ထောက်ပံ့ငွေများကို အတိအကျပေးအပ်ရန် အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရုံးအုပ်ကြီးဦးသိန်းဇော်က အုပ်ချုပ်ရေးမှူးများ လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)မှ ပေးပို့သော ကိုယ်အပူချိန်တိုင်း ကိရိယာ(၁၀၈)အုပ်စုနှင့် Handheld Lithium Cell Megaphone (၁၁၀)နှင့် ထောက်ပံ့ငွေ များကိုအုပ်စု အလိုက်နေရာ(၄)နေရာခွဲ၍ ထောက်ပံ့ပေးအပ်ခဲ့သည်။
စလင်းမြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း (၃၀၅၀၅)စုရှိပြီး ထောက်ပံ့ငွေကျပ် (၆၁၀၁၀၀၀၀၀)ကို ထောက်ပံ့ငွေပေးအပ်ရေးအဖွဲ့မှ အိမ်တိုင်ရာရောက်သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(ပြန်/ဆက်)