ချောက် အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များဖြင့် စာရေးဆရာ ဟိန်းလတ်ရေးသားသည့် “မှတ်ဉာဏ် ရင့်သန်ထက်မြက်စေရန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စာအုပ်ပါ မှတ်ဉာဏ်ရင့်သန်ထက်မြက်သူဖြစ်ရေး လက်တွေ့ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မှတ်ဉာဏ်အပေါ်ယုံကြည်မှုရှိမှသာ အသိပညာများကိုမှတ်သားနိုင်မည်ဖြစ်ကြောင်းဆွေးနွေးခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များဖြစ်သည့် ဒေါ်မီမီကျော်၊ ဒေါ်ခင်စန်းလွင် တို့က မိမိတို့၏သဘောထားအမြင်များဖြင့် အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချောက်မြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများရရှိစေရန်အတွက် အသိပညာပေး အစီအစဉ်များ၊သင်တန်းများနှင့် စာဖတ်ဝိုင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)