ပွင့်ဖြူ အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ထောပတ်ပဲသီးနှံ ၇၆၄၀ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ပြီး ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ယခုလဆန်းပိုင်းအတွင်း ရွာသွန်းခဲ့သည့်မိုးဖြင့် ထောပတ်ပဲသီးနှံများကို စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်နှင့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် ရည်ရွယ်ကာ ဆီထွက်သီးနှံဆောင်းနေကြာ ၂၆၇၅၅ ဧက၊ ကုလားပဲ သီးနှံ ၂၁၈၄၃ ဧက၊ ထောပတ်ပဲသီးနှံ ၇၆၄၀ ဧက တို့ကို လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရကာ ဒေသခံတောင်သူများ ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန်အတွက် စိုက်နည်းစနစ်များ မှန်ကန် စေရန်၊ စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေရန်နှင့် ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန် နည်းလမ်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံကွင်းဝန်ထမ်းများက နယ်မြေကွင်းဆင်းပြီး ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
"ကျွန်မတို့ ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေ အဆင်ပြေတဲ့အတွက် ဒေသခံတောင်သူတွေဟာ ( နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေက အောက်တိုဘာလဆန်းပိုင်းက ရွာသွန်းတဲ့မိုးနဲ့ ဆောင်းသီးနှံများကို စတင်စိုက်ပျိုးနေကြပြီ ဖြစ်ပါတယ်။ စိုက်ပျိုးပြီးစီးမှုအနေနဲ့ကတော့ ဆီထွက်သီးနှံ ဆောင်းနေကြာ ဧက ၃၀၀ နီးပါးနဲ့ ထောပတ်ပဲသီးနှံ ၁၀၀၉ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ ကုလားပဲသီးနှံကတော့ စိုက်ပျိုးဖို့အတွက် ထယ်ရေထွန်ယက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေကြပါတယ်။ တောင်သူတွေကို သတ်မှတ် လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့နဲ့ လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာများကိုလည်း ကျွန်မတို့မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ နယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းတွေက ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )