ထိန်ငူကျေးရွာအုပ်စုတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေး

အိမ်မဲ အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ထိန်ငူကျေးရွာအုပ်စု ကျွဲလမ်းကျေးရွာ ဆန်းဓမ္မသိင်္ဂီ ဘုန်ကြီးကျောင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ယနေ့နံနက် ၉ နာရီတွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍  ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲဝင်(၂)က ကိုဗစ်-၁၉ ရောဂါနှင့် ဇီဝလုံခြုံမှုအကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ဆောင်းသီးနှံနှင့် နေကြာတိုးချဲ့ချေးငွေအကြောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ အကျိုးတူလယ်ယာစနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့်အကြောင်း၊ လဝကမှ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုဇယားအကြောင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျေးရွာ မီးဘေးလုံခြုံရေးအကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းအကြောင်း၊ ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးအကြောင်း၊ ရေအရင်းအမြစ်နှင့် ဆည်မြောင်းဦးစီးဌာနမှ စီမံကိန်းဖြင့် ရေမြောင်းတူးဖော်မည့် လုပ်ငန်းများအကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါး၊ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာစိုက်ပျိုးမည့်အကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက သောကြာနေ့တိုင်း စစ်ကြောင်းကြီး (၅)ကြောင်းမှ တာဝန်ရှိသူများနှင့် ကျေးရွာနေ ပြည်သူများ မျက်နှာချင်းဆိုင်တွေ့ဆုံပြီး ဆွေးနွေးပွဲဆောင်ရွက်မည့်အကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁)က ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စများ အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ သည်။

ထို့နောက် တက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တင်ပြကြရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့၍ တွေ့ဆုံပွဲသို့ ထိန်ငူကျေးရွာအုပ်စုမှ ပြည်သူစုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ပြီး ကျေးရွာအတွက် အမှန်တကယ် လိုအပ်သောအချက်အလက်များကို တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး ယနေ့အထိ ကျေးရွာအုပ်စု (၇)ခုတွင်တွေ့ဆုံပွဲ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ချစ်သက်လယ် (အိမ်မဲ)