ကြံခင်း အောက်တိုဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ ယနေ့နံနက်ပိုင်းက ရှောက်ခုံအုပ်စု ရှောက်ခုံကျေးရွာနှင့် ဇီးပင်ကွင်းအုပ်စု ဇီးပင်ကွင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာတွင် အဖွဲ့(၁)တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းထွဋ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ရှောက်ခုံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ အဖွဲ့(၂)တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဇီးပင်ကွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ လမ်းတံတားနှင့်ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးရေး လုပ်ငန်းများအတွက် တင်ပြချက်၊ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ကျေးလက်နေပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးမှ တာဝန်ရှိသူများက ဆေးကုသပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ထိုးနှံရန် ကျန်ရှိနေသော ကျေးရွာနေပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ တိုက်ဆိုင်စစ်ဆေးခြင်း၊ လျှပ်စစ်မီးရရှိရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်း၊ ရှောက်ခုံကျေးရွာ၊ ဇီးပင်ကွင်းကျေးရွာများရှိ အခြေခံပညာ အလယ်တန်း၊ မူလတန်းကျောင်းများတွင် စာသင်ကြားနေမှုအား ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးအပ်ခဲ့သည်။
ကြံခင်းမြို့နယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဦးဆောင်ပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများနှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဒေသအတွင်း လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကျေးရွာနေ ပြည်သူများ၏ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကြံခင်းမြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံ ပြည်သူများ တွေ့ဆုံပွဲကို နေ့လည်ပိုင်းတွင် ကြံတောအုပ်စုရှိ မျောက်ချောကုန်း ကျောင်းသစ်ကျောင်းဓမ္မာရုံနှင့် ကိုးအင်းအုပ်စုရှိ လက်ပံတိုက်ဘုန်းတော်ကြီးကျောင်းတို့တွင် ကွင်းဆင်း ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)