လေးမျက်နှာမြို့နယ်တွင် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၂) ဆင်းပွဲကျင်းပ

လေးမျက်နှာ အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဥ် (၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ၌ လှော်ကထားနယ်မြေမီး သတ်စခန်းတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲရင့်နောင်မှ မီးသတ်တပ်ဖွဲ့တွင်ရှိသည့် အဓိကတာဝန်ကြီး (၄)ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် တာဝန်ကြီး(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်သောကြောင့် တပ်ဖွဲ့ဝင်များအနေဖြင့် ရပ်ရွာပြည်သူလူထု လေးစားယုံကြည် အားကိုးရသော အရန်မီးသတ်တပ်ဖွဲ့ဝင်များအဖြစ် ရပ်ရွာလုံခြုံရေး၊ လူမှုရေး၊ ဘာသာရေး၊ သာသနာရေးများတွင် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲရင့်နောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကြည်စိန်နှင့် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုးတို့မှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း၌ ဆုရရှိသော တပ်ဖွဲ့ဝင်သင်တန်းသားများအား ဆုများအသီးသီးချီးမြှင့်ပေးပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိဦးရဲနောင်ဝင်းမှ တပ်ဖွဲ့ဝင်သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဥ်(၁/၂၀၂၂)ကို (၃.၁၀.၂၀၂၂) ရက်နေ့မှ (၂၈.၁၀.၂၀၂၂)ရက်နေ့အထိ ဒုတိယမီးသတ်ဦးစီးမှူး ဦးဉာဏ်ဝင်းအပါအဝင်(၃)ဦးတို့မှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၅)ဦးအား တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)