မအူပင် စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုမရှိစေရေး အတွက် မြို့ဝင်ပူးပေါင်းစစ်ဆေးရေး ဂိတ်ဖွင့်လှစ်၍ ခရီးသွား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်နှင့် လူဝင်/ထွက် စစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိသည်။
မအူပင်မြို့ဝင်/မြို့ထွက် ပူးပေါင်းစစ်ဆေးရေး ဂိတ်တို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က မြို့အတွင်း သွားလာနေသည့်ယာဉ်များ၊ ခရီးသွားလာနေသော ခရီးသွားပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ လူဝင်/ထွက် စစ်ဆေးခြင်းတို့အား စက်တင်ဘာလ ၉ ရက်နေ့မှစတင်ကာ ယနေ့အထိ နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ဝင်ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် လူဝင်/ထွက် စစ်ဆေးခြင်းတို့အား နေ့စဉ်နံနက်ပိုင်းမှ ညပိုင်းအထိ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)