နတ်တလင်း အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ အရန်မီးသတ်လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဆင်းပွဲတွင် နတ်တလင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဦးလတ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ပို့ချသင်ကြားပေးသည့် ဘာသာရပ်များအား လက်တွေ့မြေပြင်တွင် အမှန်တကယ် အကျိုးရှိရှိပြန်လည် အသုံးပြုတတ်ရန် လိုအပ်ကြောင်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ခဲ့သည့် သင်တန်းသား(၅၀)ဦးကို သင်တန်းဆင်းလက်မှတ်များ အသီးသီး ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃ ရက်မှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ ၂၅ ရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်မီးသတ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြဆရာများက သင်တန်းသား(၅၀)ဦးတို့ကို ရှာဖွေကယ်ဆယ်ရေးသုံး ယာဉ်/စက်ပစ္စည်းများအကြောင်းနှင့် ကိုင်တွယ်အသုံးပြုနည်းများ၊ အခြေခံကြိုးချည်နည်းအမျိုးမျိုး၊ လှေကားသယ်ဆောင်အသုံးပြုနည်း၊ လူနာသယ်ဆောင်နည်းအမျိုးမျိုး၊ မီးဘေးကြိုတင်ကာကွယ်နည်း၊ မီးငြိမ်းသတ်ရေးလုပ်ငန်းစဉ်များ၊ ရှာဖွေကယ်ဆယ်ရေး နည်းလမ်းများစသည်တို့ကို စာတွေ့၊ လက်တွေ့စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)