ပန်းတောင်း အောက်တိုဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်အထကကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အထကဥသျှစ်ပင်ကျောင်းအုပ်ဆရာကြီး ဦးဘိုဘိုအောင်က အဖွင့်မှာစကားပြောကြားပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မေခိုင်ဆက်က ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများအား မေးခွန်းများမေးမြန်းပြီး ဆုလက်ဆောင်များပေးအပ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများကို လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်တို့အားပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)