ဝါးခယ်မ အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူအုပ်စု၊ သဲကုန်းကျေးရွာရှိ မိုးစပါးစံပြစိုက်ခင်း (သဲကုန်းကွင်းအမှတ် ၁၀၀၃၊ ဦးပိုင်အမှတ် ၁၆-က)သို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁၂ နာရီအချိန်တွင် တောင်သူ ဦးစလားသာ လုပ်ကိုင်ခွင့် ရရှိထားသော လယ်မြေ(၈)ဧကအတွင်း ဆင်းသုခ မိုးစပါးစံပြကွက်အား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်သိန်းထွန်းနှင့်အဖွဲ့က စုပေါင်းရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများအားတွေ့ဆုံ၍ ပိုက်ဆံလျော်၊ ပဲတီစိမ်းနှင့် နေကြာစိုက်ပျိုးမှု အခြေအနေများကို မေးမြန်းပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ မြူရုံးလမ်းရှိ “ရွှေခယ်သီရိ” ခန်းမသို့ရောက်ရှိပြီး မြောင်းမြခရိုင်ပညာရေးမှူး ဦးစသိန်းကျော်၊ မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် တာဝန်ရှိသူများက မြို့နယ်အဆင့် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်၍ လမ်းညွှန်မှာကြားပြီး ဝါးခယ်မမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ပြီး ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဆုရရှိသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးသို့ရောက်ရှိပြီး မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိ သူများအားတွေ့ဆုံ၍ ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)