ပြည် အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၁ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို တန်ဆောင်မုန်းလဆန်း ၈ ရက်၊ ယခုလ ၃၁ ရက်နေ့နံနက်ပိုင်းမှစတင်ကာ စေတီတော်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့်အတိုင်း တန်ဆောင်မုန်းလဆန်း ၈ ရက် အောက်တိုဘာ ၃၁ ရက် နံနက် ၆ နာရီတွင် ဘုရားအနေကဇာတင် ပူဇော်ပွဲစတင်ကျင်းပမည်ဖြစ်ပြီး ယင်းနောက်နံနက် ၇ နာရီတွင်ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားနှင့် ဗုဒ္ဓမြတ်စွာဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ်(၁၀၉)ပါးတို့အား ဆွမ်းဆန်တော်လောင်းလှူပွဲတို့ကို ဆက်လက်ကျင်းပမည်ဖြစ်သည်။
ထို့အပြင် တန်ဆောင်မုန်းလဆန်း(၁၁)ရက် နိုဝင်ဘာ ၃ရက်၊ ညနေ ၄ နာရီခွဲတွင် စေတီတော်ရင်ပြင် မြတ်စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက် ညနေ ၃ နာရီတွင် ဗုဒ္ဓမြတ်စွယ်တော်ကို စေတီတော်မြတ်ကြီးအား လက်ျာရစ်သုံးကြိမ်လှည့်လည် အပူဇော်ခံပွဲကျင်းပမည်ဖြစ်ကာ တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက်၊ နိုဝင်ဘာ ၉ ရက်၊ ည ၇ နာရီတွင် ဗုဒ္ဓမြတ်စွယ်တော်ကို တစ်နှစ်တာကိန်းဝပ်စံပယ်တော်မူမည့် ဂန္ဓကုဋီတိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင်သိမ်းဆည်းခြင်း အောင်ပွဲအခမ်းအနားတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှသိရသည်။
ကိုဆက်(ပြန်/ဆက်)