ကန့်ဘလူ စက်တင်ဘာ ၁၈
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ တွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီ(၇)ပါတီနှင့် တစ်သီးပုဂ္ဂလ နှစ်ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးမျိုးမင်းက လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ပြောကြားရာတွင် “ကန့်ဘလူခရိုင်မှာ ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီက (၇) ပါတီနဲ့ တစ်သီးပုဂ္ဂလ နှစ်ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၇ ဦးရှိပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၃ ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ၄ ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်းစားလှယ် လောင်း ၂၀ ဦးတို့ ဖြစ်ပါတယ် ” ဟုပြောသည်။
ကန့်ဘလူခရိုင်တွင် ကန့်ဘလူမြို့နယ်နှင့်ကျွန်းလှမြို့နယ် တို့ပါရှိပြီး ဆန္ဒမဲပေးနိုင်သည့် မဲဆန္ဒရှင် ကန့်ဘလူမြို့နယ်တွင် နှစ်သိန်း သုံးသောင်းကျော်နှင့် ကျွန်းလှမြို့နယ်တွင် ခုနှစ်သောင်းကျော် ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ကန့်ဘလူ မြို့နယ်တွင် မဲရုံ ၂၀၄ ရုံ၊ ကျွန်းလှမြို့နယ်တွင် ၉၁ ရုံပြင်ဆင်ထားကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)