ဖျာပုံမြို့ အမှတ်(၁၈/၁၉) ရပ်ကွက်တို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့​မှ ဦးဆောင်၍​ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဖျာပုံ အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏စီစဥ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ဖျာပုံမြို့ အမှတ်(၁၈/၁၉) ရပ်ကွက်များအတွင်းရှိ ပြည်သူများနှင့် တွေ့ဆုံ၍ ရပ်ကွက်လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ သက်သာသော စျေးနှုန်းဖြင့် ဆန်နှင့်ဆီများ ရောင်းချပေးခြင်းတို့ကို အောက်တိုဘာလ (၂၇)ရက်နေ့ နံနက်(၁၀)နာရီအချိန်က၊ အမှတ်(၁၈/၁၉)ရပ်ကွက်ရှိ ရပ်ကွက်ဓမ္မာရုံများတွင် ကျင်းပပြုလုပ်သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ထားမောင်က ရပ်ကွက်အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဒေသလုံခြုံရေးကိစ္စရပ်များနှင့် သက်သာသောစျေးနှုန်းဖြင့် ဆန်၊ ဆီရောင်းချပေးမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးငွေမင်းထိုက်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးနိုင်ဦးတို့က တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားပြီး၊ ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ မြို့နယ်လဝကမှ အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့သက်ဆိုင်ရာဌာနအလိုက် ပညာရေး၊ ရပ်ကွက်သန့်ရှင်းသာယာရေး စသော ပြည်သူ့ဝန်ဆောင်မှုအဖြစ် ဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးပြောကြားကြပြီး၊ တက်ရောက်လာကြသော ပြည်သူများက ပညာရေး၊ ကျန်းမာရေး စသည့် ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်သည်များအား တင်ပြကြရာ သက်ဆိုင်ရာဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေး ပြောကြားကြသည်။

ထို့နောက် ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်များအသင်းနှင့်  မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှ သက်သာသောစျေးနှုန်းဖြင့် လူတစ်ဦးလျှင် အချွန်ဆန်တစ်ပြည် (၁၅၀၀)ကျပ်နှုန်းနှင့် စားအုန်းဆီ(၅၀)ကျပ်သားကို (၂၅၀၀)ကျပ် နှုန်းဖြင့် ရောင်းချပေးကြရာ အမှတ် (၁၈/၁၉)ရပ်ကွက်ရှိ ပြည်သူများက ဝယ်ယူခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)