ကြံခင်း အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ မြို့ပေါ်ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှုလျှော့နည်းစေရန်၊ အများပြည်သူများ နေ့စဉ်သတိရှိစေရန် ယမန်နေ့ညပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်(၃)ခုတွင်းရှိ လမ်းဆုံလမ်းခွနေရာများ၊ လမ်းများတွင် လိုက်လံအသိပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအသိပေးနှိုးဆော်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်ဦးဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာသဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရမည့်အချက်များ၊ မီးပေါ့ဆမှုမရှိစေရန်နှင့် မတော်တစ်ဆ မီးဘေးအန္တရာယ်ကြုံတွေ့ပါက ဆောင်ရွက်ရမည့်အချက်များ၊ နေအိမ်များတွင် မီးဘေးကြိုတင် ကာကွယ်ရန်မီးချိတ်၊ မီးကပ်၊ ရေအိုး၊ သဲပုံးနှင့် မီးသတ်ဆေးဘူးများ ထားရှိကြရန်၊ မီးသုံးစွဲပြီးပါက မီးကြွင်း မီးကျန်များ ငြိမ်းသတ်ထားရန်၊ ဘုရားဆီမီးနှင့် အမွှေးတိုင်ပူဇော်ခြင်း၊ ခြင်ဆေးထွန်းခြင်းများကို စနစ်တကျထွန်းပြီး ငြိမ်းသတ်ကြရန်၊ မီးလောင်လွယ်သော လောင်စာဆီနှင့် မီးလောင်လွယ်သော ပစ္စည်းများအား စနစ်တကျထားရှိရန်နှင့် လူနေအိမ်ခြံဝန်းအတွင်း အမှိုက်များရှင်းလင်းကြရန်၊ စက်ရုံ၊ အလုပ်ရုံ၊ ဌာနဆိုင်ရာရုံးများတွင်လည်း မီးဘေးလုံခြုံရေးဂရုပြုကြရန်နှင့် မီးသတ်ဆေးဗူး၊ ရေလှောင်ကန်များနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးသုံးပစ္စည်းများထားရှိရန် အချက်များအား အသိပေးနှိုးဆော်ခဲ့ကြကြောင်းနှင့် ကြံခင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုနေ ပြည်သူများ သိရှိလိုက်နာနိုင်ရန် (ညစဉ်) မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ဆောင်ရွက်ရမည့် အချက်များကို အသိပေးလိုက်လံ နှိုးဆော်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)