ဘားအံ အောက်တိုဘာ ၂၇
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့၊ မြို့မဈေး သားငါးဈေးရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခန့်က အမှတ် (၂) ရပ်ကွက်ရှိ အဆိုပါဈေးရုံရှေ့၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဈေးအင်္ဂါရပ်များနှင့်အညီ ကွန်ကရစ်ဈေး ခုံများ၊ ရေမြောင်းများ၊ ရေပိုက်ခေါင်းများ စနစ်တကျ ထည့်သွင်းဆောင်ရွက်ပေးထားသည့်အတွက် ဈေးသူဈေးသားများအနေဖြင့် အနံ့အသက်ကင်းရှင်းပြီး ကျန်းမာရေးနှင့်အညီ သားငါးများ ရောင်းချ နိုင်မည်ဖြစ်သကဲ့သို့ ဝယ်ယူစားသုံးသူများအနေဖြင့်လည်း သန့်ရှင်းလတ်ဆတ်သော သားငါးများကို စိတ်အေးချမ်းသာစွာ ဝယ်ယူနိုင်မည်ဖြစ်ရာ မြို့မသားငါးဈေးရုံ ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက မြို့မသားငါးဈေးရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြို့မဈေး သားငါးဈေးရုံဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများသည် မြို့မဈေးသားငါးဈေးရုံ၌ ဈေးသူ၊ ဈေးသားများ၏ အသားနှင့်ငါးများ ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေနှင့် စားသုံးသူပြည်သူများ ဈေးဝယ်ယူနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူက တက်ရောက်လာသူများအား ဈေးဖွင့်ပွဲအထိမ်း အမှတ်ပုံစံငယ်အား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
မြို့မဈေး သားငါးဈေးရုံသည် ယခင်က ပျက်ဆီးနေသည့်သစ်သားတိုင်၊ သွပ်မိုးအဆောက်အဦအတွင်း၌ ဈေးတည်ခင်းရောင်းချနေရပြီး ဟောင်းနွမ်းပျက်စီး၍ ရေစီးရေလာကောင်းမွန်ခြင်း မရှိသည့်အတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၄၄ သန်းဖြင့် မြို့အင်္ဂါ ရပ်နှင့်အညီ (၆၆ပေx၄၂ပေx၂၅ပေ) သံကူကွန်ကရစ်နှစ်ထပ်အဆောက်အဦကို တည်ဆောက်ပြီးစီး၍ ယနေ့ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)