ဘားအံ အောက်တိုဘာ ၂၇
ကရင်ပြည်နယ်အတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံ၍ စိုက်ပျိုးရေးကိုအခြေခံသည့်စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကရင်ပြည်နယ် မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံ မြို့နယ်၊ ရဲသာကျေးရွာ အုပ်စု၊ ကော့ကူးကျေးရွာ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တောင်သူများနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းစိုက်ပျိုးထုတ်လုပ်နေသည့်တောင်သူများ အကျိုးအမြတ်ရရှိစေရေးနှင့် စားနပ်ရိက္ခာဖူလုံပိုလျှံရေးအတွက် အဖက်ဖက်မှကူညီ ထောက်ပံ့ပေး လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့်လည်း သီးထပ်၊ သီးညှပ်များဖြင့် နှစ်သီးစားမှ သုံးသီးစား ထိ မြေလွတ်၊မြေလပ်မကျန် စိုက်ပျိုးလုပ်ကိုင်ကြဖို့လိုကြောင်း၊ မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင် စိုက်ပျိုးလုပ်ကိုင်ကြစေလိုပြီး ပြည်နယ်၏လယ်ယာကဏ္ဍ တိုးမြှင့်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေမှလည်း အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ မိုးစပါးအပြီး တွင်ဆောင်းသီးနှံ ဆီထွက်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြစေလိုပြီး တောင်သူလယ်သမားအကျိုးစီးပွားမြှင့်တင်ရေးနှင့် အခွင့်အရေးကာ ကွယ်ရေးလုပ်ငန်းများကိုလည်း အစဉ်တစိုက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ထွန်တုံးပိတ်ပွဲအခမ်းအနားကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး သက်ဆိုင်ရာဌာန ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ကရင်ပြည်နယ်၏ မိုးစပါးစိုက်ပျိုးရာသီသည် မိုးဦးကာလမှ အောက်တိုဘာလကုန်ထိ စိုက်ပျိုးသည့်စပါးများကို မိုးစပါးအဖြစ်သတ်မှတ်၍ ယခုနှစ်တွင် မိုးစပါးစိုက်ပျိုးရန်လျာထားဧက လေးသိန်းသုံးသောင်းကျော်ဖြစ်ပြီး ယနေ့ထွန်တုံးပိတ်စိုက်ပျိုးပြီးဧကမှာ လေးသိန်းသုံးသောင်း ဧကခန့် ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)